Welcome

သံယောဇဉ်နွယ်မှ ကြိုဆိုပါတယ်

Memories

...

17 January, 2014

15 October, 2012

Fiber 2M Speed လေ..... တခါမှမမြင်ဖူးဘူး..

 

41 MB ဖိုင်ကိုဆွဲတာ ၂ မိနစ်ခွဲပဲကြာတယ်....(တခါတလေပေါ့နော် xD )

05 November, 2011

မြန်မာနှင့် အကျင့်ဆိုး (ရွှေဥဒေါင်း)

မြန်မာကို မြန်မာက ရှုတ်ချသင့်သလော
ဗမာတွေ လုပ်လိုက်မှဖြင့် ဒီလိုချည်းပဲ...
"ဗမာတွေလူမျိုးတွေ ဘယ်နေရာမှ မကောင်းပါဘူး၊ ဘယ်တော့ဖြစ်နိုင်မှာလဲ၊ ဗမာလုပ်တာကိုး၊ ရွှေဗမာတွေ ကိုက ဘာတစ်ခုမှ ဖြစ်အောင်လုပ်နိုင်တာ မရှိပါဘူး" အစရှိသော နှိပ်နယ်စကား၊ ချိုးဖဲ့စကား၊ ကဲ့ရဲ့စကား၊ ရှုတ်ချစကားများသည် မကြာခဏဖြစ်ပေါ်လျက် ရှိသည်ကို ကြားမိကြပေလိမ့်မည်။ ထိုသို့သော အသုံး အနှုန်းသည် အင်္ဂလိပ်တို့ လက်ထက်တွင် တစ်နှစ်ထက်တစ်နှစ် တိုးတက် လာခဲ့၍ အင်္ဂလိပ်တို့ပြေးခါနီး ကာလ အပိုင်း အခြားတွင် အထွတ်အထိပ်သို့ ရောက်သဖြင့် အများဆုံး သုံးနှုန်းပြောဆိုကြသည်ဟု ဆိုရ ပေမည်။
ဝမ်းနည်းဖွယ်ကောင်းသောအချက်မှာ ထိုစကားကို သုံးနှုန်း ပြောဆိုနေကြသောသူများသည် တရုတ်လူများ လည်းမဟုတ်၊ ကုလားလူမျိုးများလည်း မဟုတ်၊ တရုတ်နှင့် ကုလားကပြား များလည်းမဟုတ်၊၊ မြန်မာစစ်စစ် ဆိုသော လူများ၏ ပါးစပ်မှ ထွက်လာလေ့ရှိသည့်အတွက် သာ၍ ဝမ်းနည်းဖို့ ကောင်းလှ၏။ အချို့သော သူတို့ သည် ထိုစကားမျိုးကို သုံးနှုန်းကြသော အခါတွင် ဝမ်းနည်းသော လေသံမျိုးလည်းမပါ။ ထိုကဲ့သို့ နှိပ်နယ်ချိုးဖဲ့ ရခြင်းကိုပင် အရသာ ရှိဟန်လက္ခဏာနှင့် လေးလေးနက်နက် ပက်ပက်စက်စက် ချိုးဖဲ့ ပြောဆို ရက်သည်ကို တွေ့ရပေကား၊ မြန်မာအစစ်ပင် ဟုတ်ပါလေ၏လောဟု ယုံမှားခြင်းပင် ဖြစ်ရလောက်ပေ၏။
တရုတ်လူးမျိုးက မြန်မာအား ထိုမျှလောက် ချိုးချိုးဖဲ့ဖဲ့ ပြောဆိုခြင်းကို ကြားရဖူးသည် မရှိ။ ပြောလျှင်လည်း မြန်မာက ခံမည်မဟုတ်။ ကုလားလူးမျိုးက ဤမျှအထိ ရှုတ်ချခြင်းကို ကြားရဖူးသည်မရှိ။ ကြားရလျှင်လည်း မြန်မာက ခံမည်မဟုတ်။ အင်္ဂလိပ်က ပြောလျှင် ခံနိုင်ကြမည် မဟုတ်။ ရှုတ်ချပြောဆိုနေကြသူများကား မြန်မာ များပင်ဖြစ်၏။ တရုတ်သည် တရုတ်လူမျိုးအားလည်းကောင်း၊ ကုလားသည် ကုလားလူမျိုးအား လည်း ကောင်း ထိုကဲ့သို့ လူမျိုးလိုက်ချီ၍ ရှုတ်ချပြောဆိုခြင်းကို တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ရဖူးချေ။ မြန်မာ လူမျိုးကို မြန်မာလူ မျိုးသည်သာလျှင် "မှိုချိုးမျှစ်ချိုး" တစ်တစ်ခွခွ လူမျိုးလိုက်ချီ၍ သိမ်းကျုံး ရှုတ်ချပြောဆိုနေကြ သည်ဖြစ်ရာ ထိုကဲ့သို့ ရှုတ်ချပြောဆိုနေကြခြင်း၏ အကြောင်းရင်း မှာကား မြန်မာလူမျိုးကို မြန်မာလူမျိုး သည်သာလျှင် အထင်အမြင် သေးသိမ်နေကြသောကြောင့် ဖြစ်ချေ၏။ မိမိလူမျိုးကို မိမိတို့က ဤမျှလောက် အထင်အမြင် သေးသိမ် စုတ်ပဲ့နေကြပါလျှင် အခြားလူမျိုးတို့က အဘယ်မှာ ဆိုဖွယ်ရာ ရှိပါတော့အံ့နည်း။
မြန်မာလူမျိုးသည် ထို့ကဲ့သို့ ပက်ပက်စက်စက် ရှုတ်ချကဲ့ရဲ့ခြင်း ခံထိုက်လောက်အောင် တကယ်ပင် ယုတ်ညံ့ သိမ်ဖျင်းသော လူမျိုးဖြစ်လေသလောဟု၊ ရှေးဦးစွာဆန်းစစ်ဖို့ လိုပေ၏။ လူအသီးသီးဖြစ်စေ ဤနယ်သား၊ ထိုနယ်သား၊ ဤပြည်သား၊ ထိုပြည်သား၊ ဤတိုက်သား၊ ထိုတိုက်သား၊ ရှေ့တိုင်းသား၊ အနောက်တိုင်းသား စသည်ဖြင့် အစုလိုက်၊ အုပ်လိုက် ပေါင်းစည်း၍ဖြစ်စေ၊ အကောင်းအဆိုးဟူ၍ ပိုင်းခြားစစ်ထုတ် လိုက်သော အခါ ကောင်းသော အရည်အချင်းတွေချည်း စုပုံ၍နေသော လူဟူ၍လည်း မရှိ။ လူမျိုးဟူ၍လည်း မရှိ။ တိုက် သားဟူ၍လည်းမရှိ။ ဆိုးယုတ်သော အရည်အသွေးတွေချည် စုပုံ၍နေသော လူဟူ၍လည်း မရှိ။ လူမျိုး ဟူ၍လည်း မရှိ။ တိုက်သားဟူ၍လည်း မရှိနိုင်ကြောင်းကို ဦးခေါင်းပါသူတိုင်း ဝန်ခံပေလိမ့်မည်။
ပျင်းရိခြင်းနှင့် သတ္တဝါသဘော ယင်းသို့ဖြစ်လျှင် မြန်မာလူမျိုးသည် အခြားလူမျိုးနည်းတူ ကောင်းမြတ်သော အခြင်းအရာနှင့် ညံ့ဖျင်းသော အခြင်းအရာတို့ ရောစပ်စုပေါင်းလျက်ရှိသည်ဟု ဆိုရပေမည်။ အပြစ်အနာ ဆာကို ရှေးဦးစွာ ဖော်ပြရမည်ဆိုသော်၊ လူမျိုးကွဲများက အပြစ်ဆိုတတ်ကြ၍ ကျွန်ုပ်တို့ ကိုယ်တိုင် မငြင်း မကွယ် နိုင်သော ဖြောင့်ချက်ပေးကြရမည့် အချက်တစ်ခုသည်ကား ပျင်းရိခြင်းပင် ဖြစ်ပေ၏။ မြန်မာလူမျိုး သည် ကုလားနှင့်ဖြစ်စေ၊ တရုတ်နှင့်ဖြစ်စေ နှိုင်းယှဉ်လိုက်သော် ချောင်ချောင် လည်လည်လုပ်၍ ချောင် ချောင်နေထိုင်လိုသော စိတ်သဘောမျိုး ရှိတတ်ကြောင်းကို ဝန်ခံကြရပေမည်။ ၎င်း စိတ်သဘောကိုပင် ပျင်းရိသည်ဟူ၍ ခေါ်ဆို ကြ၏။ ခေါ်ဆိုလျှင်လည်း ခေါ်ဆိုထိုက်ပါပေ၏။ သို့သော် ပျင်းရိခြင်း၊ လုံ့လ၀ီရိယ ရှိခြင်း စသော အခြင်းအရာတို့ မည်သည် အကြောင်းနှင့် အကျိုး ဖန်းတီးစီမံလျက်ရှိသော ဤလောကကြီး၌ မူလရင်းအကြောင်းများ ရှိကြရ မည်သာဖြစ်၏။ သတ္တ၀ါ ဟူသမျှတို့၏ နဂို သဘောရင်းမှာ တတ်နိုင်သမျှ အနည်းဆုံး အလုပ်လုပ်၍ အများဆုံး စည်းစိမ်သုခ ခံစားလိုကြမြဲမှာ ဓမ္မတာ ဖြစ်၏။ တတ်နိုင်ခဲ့လျှင် အလုပ်နှင့် ပတ်သက်၍ လက်တစ်ဖက် မြှောက်ခါ မျှနှင့် စားဝတ်နေရေးနှင့်တကွ စည်းစမ်ခံထားမူအတွက်ပါ လုံလောက်စွာ ရလိုကြသည်သာ ဖြစ်၍၊ လက်တစ် ဖက်မြှောက်ကာမျှနှင့် လိုသလောက်ရခဲ့လျှင် လက်နှစ် ဖက် မြှောက်လိုသော သတ္တ၀ါဟူ၍ မရှိချေ။
မြန်မာလူမျိုး အပြစ်လော
ကျွန်ုပ်တို့ မြန်မာပြည်သည် အင်္ဂလိပ်တို့ မ၀င်ရောက်ဖူးသေးမှီ တစ်ချိန်က အလွန်တရာ ဆူဖြိုးချောင်ချိ ခဲ့သော တိုင်းပြည်ဖြစ်သည်က တစ်ကြောင်း၊ ၃၀ ၄၀ ပေးရသော ဘွတ်ဖိနပ်မျိုး၊ သက္ကလပ်အင်္ဂျာီမျိုး၊ တစ်နပ် စာအတွက် လေးငါးကျပ် တန်သော အစားအစာမျိုး အစရှိသည်တို့ မရှိခဲ့ဖူးသည်က တစ်ကြောင်း၊ လူတစ် ယောက် အလုပ် လုပ်လျှင် တစ်အိမ်ထောင်လုံးအတွက် စားဝတ်နေရေး လုံလောက်စွာ ရရှိခဲ့၍ ကျန်သော အိမ်သူအိမ်သားများ သည် ဝတ်ကာ၊ စားကာ၊ သနပ်ခါးလိမ်းကာ၊ ခြင်းလုံးခတ်ကာဖြင့် ချောင်ချိသက်သာစွာ နေထိုင်နိုင်ကြ၏။ မော်တော်ကားစီးမှုအတွက် သူတစ်ပါးနှင့် ဂုဏ်ပြိုင်အားကျရန်လည်း မရှိ၊ သုံးထပ်တိုက် ကြီး တည်ဆောက်ခြင်းအားဖြင့် သူတစ်ပါးထက် သာအောင်ကြွားဝါလိုသော စိတ်ဆန္ဒမျိုးလည်း မရှိ၊ အလွန် စုတ်ပြတ်လွယ်၍ ပါးလွှာလှသော ပဒုမ္မာ အင်္ဂျာီပါးမျိုးကို ၀တ်ဆင်လိုခြင်းလည်း မရှိ။ ခပ်ချောင်ချောင် အလုပ် လုပ်၍ ခပ်ချောင်ချောင် နေထိုင်စားသောက်လာခဲ့ကြသော လူမျိုးဖြစ်၏။ ထို့ကဲ့သို့ ၀မ်းစာအတွက်လည်း ကောင်း၊ အားအတွက်လည်းကောင်း၊ နေမှု ထိုင်မှုအတွက်လည်းကောင်း၊ လှုပ်ကာယှက်ကာနှင့် လုံလောက် စွာ ရရှိခဲ့ကြသော လူမျိုးသည့် အပေါ် လွယ်လွယ်နှင့် တင်းတိမ်ရောင့်ရဲ၍ ပင်ပန်းကြီးစွာ အားထုတ် လုပ်ကိုင် ရန် ပျင်းရိခြင်း ရှိကြသည်မှာ အံ့သြဖွယ်ရာ မဟုတ်။ သတ္တ၀ါတို့၏ ဓမ္မတာသဘော အတိုင်းမျှသာ ဖြစ်ချေ၏။ ထိုမျှလောက် အသက်မွေး ချောင်ချိလာခဲ့သော လူမျိုးဖြစ်၍ လျှာထွက် မတတ် အလုပ်လုပ်နိုင်မှ ဝမ်းရေး မဝတဝ၊ မလှတလှ ရရှိနိုင် ကြသည့် ကုလားပြည်မှ ကုလားလူမျိုး၊ တရုတ်လူမျိုးများနှင့် စံထိုးနှိုင်းယှဉ်ခြင်း ခံရသည့်အခါ ပျင်းရိသည်၊ ပေါ့လျော့သည် ဟူ၍ စွပ်စွဲခြင်းခံကြရ ခြင်းမှာ အံ့ဖွယ်ရာ မဟုတ်လှချေ။ အမှန်စင်စစ်သော်ကား မြန်မာသည် ပျင်းနိုင်သောအခြေရရှိခဲ့ဖူး၍ ပျင်းရိခြင်း၌ အကျင့်ပါနေသေးခြင်းမျှသာ ဖြစ်ပေ၏။ မည်သည့် လူမျိုးပင်ဖြစ်စေ မြန်မာကဲ့သို့ ခေတ်ကောင်း ခေတ်အေးမျိုး မှီခဲ့ဖူးလျှင် မြန်မာနှင့် အလားတူစွာ ပျင်းရိကြမည်သာ ဖြစ်ချေ၏။ ပျင်းရိခြင်းကို အပြစ်တစ်ခုလုပ်၍ ပြောမည်ဆိုလျှင် ထိုအပြစ် သည် မြန်မာလူမျိုး၏ အပြစ်မဟုတ်။ ဝမ်းစာရှာရန် ချောင်ချိခဲ့ဖူးသည့် မြန်မာပြည်၏ အပြစ်ဟူ၍သာ ဆိုရန်ရှိပေ၏။
အနှစ်တစ်ရာနှင့် တစ်နှစ်
ထို့ပြင် ကျွန်ုပ်တို့ကို နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှ အုပ်စိုးသွားသည့် အဂ်လိပ်တို့ကလည်း မြန်မာများအား ပျင်း ရိသည်ဟု စွပ်စွဲပြောဆိုသွားကြသော်လည်း ၎င်းတို့ ကိုယ်တိုင် ချွေးလုံးချွေးပေါက် ကျအောင် ပင်ပန်းကြီးစွာ အလုပ်လုပ်ကိုင် သွားကြသည်ဟု မရှိချေ၊၊ ပန်ကာအောက်တွင် ကလောင်တံနှင့် လက်မှတ်ရေးထိုးရသော အလုပ်မျှလောက်နှင့် လခကြီးများ ယူလျက် ကာမဂုဏ်၊ စည်းစိမ်းအမျိုးမျိုး ခံစားစံစား သွားကြခြင်းအားဖြင့် နမှုနာပြသွားကြသည်ကို တွေ့မြင်လိုက်ကြရ၏။ ၎င်းတို့၏ အနေအထိုင်ကို တွေ့မြင်ရခြင်း အားဖြင့် မြန်မာ တို့၌ စည်းစိမ်ခံမှုအတွက် သွားရည်ကျရသော စိတ်မျိုးသာ ဖြစ်ပေါ်ကြ၍ ပင်ပန်းကြီးစွာ အလုပ်လုပ်လိုသော စိတ် သဘောမျိုးမူကား အလျှင်းပင် မဖြစ်ပေါ်နိုင်ခဲ့ချေ။ သို့ရာတွင် ယခုအခါ ဂျပန်တို့ ရောက်လာကြရာတွင် "စစ်ဗိုလ် ကြီးတွေတောင် အလုပ်ကြမ်းလုပ်ကြသည်၊ လူကြီးတွေတောင် လူငယ်တွေနှင့်အတူ အလုပ်လုပ်ကြ သည်" ဟူသော စကားများသည် အရပ်ထဲတွင် တစ်နေ့တခြား ပြောဆိုစ ပြုလာကြပြီးဖြစ်ကာ၊ ပင်ပန်းကြီးစွာ အလုပ် လုပ်မူနှင့် ပတ်သက်၍ အင်္ဂလိပ်လူမျိုးတို့က နှစ်ပေါင်း (၁၀၀) ကျော်ခန့် သင်ပြရန် မတတ်နိုင်သည် ကို ဂျပန် တို့က တစ်နှစ်ခန့်အတွင်း သင်ပြနိုင်သည်ဟု ဆိုရပေမည်။
ဂျာမဏီပြည်၏ စနစ်
ဤနေရာ၌ ဂျာမဏီပြည်တွင် ဟစ်တလာ အသုံးပြုခဲ့သောစနစ်အား အစိုးရသို့ မြန်မာပြည်တွင် အမြန်ဆုံး နည်းယူအသုံးပြုကြလျှင် အလွန်ကောင်းမွန်ပေလိမ့်မည်။ ဂျာမဏီပြည်၌ သူဌေးသား ဖြစ်စေ၊ အမတ်ကြီး၏ သား ဖြစ်စေ၊ အရာရှိကြီး၏သား ဖြစ်စေ လူလားမြောက်သော အချိန်အရွယ်တွင် အခြားသော လူဆင်းရဲများ ၏ သားများနှင့် အတူလမ်း ဖောက်ခြင်း၊ ကောက်ပဲသီးနှံ စိုက်ပျိုးခြင်း စသော ကူလီအလုပ်ကြမ်းမျိုးကို (၁၀) လတိုင်တိုင် လုပ်ကိုင်ဆောင်ရွက်ကြရလေသည်။ သူဌေးသားနှင့် ထင်းခွေသမားသားတို့သည်လည်းကောင်း၊ အရာရှိ သားများနှင့် ကူလီထမ်းသမားတို့၏ သားသည်လည်းကောင်း တစ်ခန်းတည်း အတူနေ၊ အတူအိပ်၊ အတူစားကြ ရလျက် လယ်ပြင်ထဲတွင် အင်္ဂျာီမပါ ကိုယ်တုံးလုံးချွတ်ကာ ပခုံးချင်းယှဉ်လျက် ရက်ပေါင်း (၃၀၀) ကာလပတ် အတွင်းတန်းတူညီတူ အလုပ်လုပ်ကြရ လေသည်။ အိမ်မှ ထမင်းပို့ရခြင်း၊ အိပ်ရာလိပ် ပို့ရခြင်း မရှိစေရ။ တစ်တန်းတည်းစား၍ တစ်တန်းတည်းအိပ်ကြရလေသည်။ အင်္ဂလိပ်တို့ကို အားကျခြင်း အားဖြင့် အလုပ်ကြမ်းကို ကြောက်ရွံ့၊ ဟန်ကြီးပန်ကြီး လုပ်ချင်တတ်လှသော ကျွန်ုပ်တို့ မြန်မာလူမျိုး လူငယ် များအတွက် ၎င်းစနစ်ထက် ကောင်းမွန်သော စနစ်တစ်ခုကို ကျွန်ုပ်တို့ စဉ်းစား စိတ်ကူး၍ မရနိုင်အောင် ရှိချေတော့၏။ ထိုကဲ့သို့လေ့ကျင့် ပေးရလျှင် ပျင်းရိသည်ဟူသော စွပ်စွဲချက်သည်လည်း ပပျောက်သွား တန်ရာ ရှိချေသည်။
စွပ်စွဲချက်များ
မြန်မာလူမျိုးကို စွပ်စွဲသော အချက်များအနက် ပျင်းရိခြင်းကို ထုတ်နုတ်လိုက်သည်ရှိသော် ကောင်ကျစ်စဉ်း လဲခြင်း၊ မညီညွတ်ခြင်း၊ မရိုးဖြောင့်တတ်ခြင်း စသည့် အခြင်းအရာများ ကြားရဖူးတတ်၏။ မညီညွတ်ခြင်း ဆိုသော အခြင်းအရာမှာ အိမ်ရှင်ဖြစ်သော မြန်မာများကို ဧည့်သည်ဖြစ်သော ကုလားများ၊ တရုတ်များနှင့် နှိုင်းယှဉ်လိုက် လျှင် အနည်းငယ် အောက်ကျနောက်ကျ ရှိနေသကဲ့သို့ မှတ်ထင်ရန် ရှိပေလိမ့်မည်။ သို့သော် တစ်မြို့တစ်ရွာ တည်းတို့မည်သည် အခြားသောမြို့တစ်ရွာ၌ ဆုံစည်းကြသည့်အခါ တစ်ယောက်နှင့် တစ် ယောက် သည်းခံ ဆက်ဆံတတ်သည် ဖြစ်၍ ညီညွတ်သော သဘောသည် ဓမ္မတာအလျောက် ပေါ်ပေါက်ရ မြဲဖြစ်လေသည်။ ကျွန်ုပ်တို့ မြန်မာများသည်လည်း ကုလားပြည်၊ အင်္ဂလိပ်ပြည်၊ ဂျန်ပန်ပြည် စသည်တို့၌ တွေ့ဆုံကြသည့်အခါ အလွန်ညီညွတ်ကြသည်ဟု ကြားရဖူးသောကြောင့် မြန်မာ လူမျိုးတို့ရဲ့ မညီညွတ်သော သဘောသည် သွေးထဲ တွင် ပါဝင်နေသည်ဟု မဆိုနိုင်ပေ။ ကောက်ကျစ်စဉ်းလဲခြင်း၊ မရိုးဖြောင့်ခြင်းစသော စွပ်စွဲချက်တို့မှာ အိန္ဒိယ တိုင်းသားများနှင့် ရောနှောဆက်ဆံခြင်း အလွန်းနည်းပါးသော သူတို့၏ စွပ်စွဲချက် လောက်သာ ဖြစ်ချေ၏။ လူမျိုး တကာနှင့် ဆက်ဆံဖူးသူမှာ မြန်မာလူမျိုးကို ထုတ်နုတ်ရွေးချယ်၍ ကောက် ကျစ်စဉ်းလဲသော လူမျိုးဟု ထုတ်ဖော်စွပ်စွဲခြင်း ပြုကြမည် မဟုတ်ချေ။ စင်စစ်သော်ကား လောက၌ ရိုး ဖြောင့်သော လူမျိုးဟူ၍ချီးမွန်းရန် လည်းကောင်း၊ ကောက်ကျစ်သောလူမျိုး ဟူ၍လည်းကောင်း၊ လူမျိုး သီးခြားရှိနိုင်မည် မဟုတ်ပေရာ လူတစ် မျိုးနှင့် တစ်မျိုး၊ ပိန်မသာလိန်မသာ များလောက်သာ ရှိနေကြပေ လိမ့်မည်။ ရိုးဖြောင့်ခြင်း၊ ကောက်ကျစ်ခြင်း ဆိုသော အရာများမှာ လူမျိုးပေါ်၌ မူတည်ခြင်းမရှိပါ၊၊ လူတို့၏ အခြေအနေပေါ်၌ မူတည်နေ တတ်သည်ဖြစ် ပေရာ လူဆင်းရဲဟူ၍ အလွန်နည်းပါး လှသော ပါရမီလူမျိုးများ အနက်တွင် သူခိုးဓားပြဟူ၍ အလွန်နည်း ပါးခြင်းကို ကျွန်ုပ်တို့ နားလည်နိုင်ကြပေသည်။
ထူးခြားသော မြန်မာ့ဂုဏ်
မြန်မာလူမျိုး၏ ညံ့ဖျင်းသည်ဟူ၍ စွပ်စွဲခြင်းခံရသော အခြင်းအရာများကို ရှင်းလင်းဖော်ပြခဲ့ပြီးဖြစ်ရာ ယခု အခါ၌ မြန်မာတို့၏ ကောင်းမြတ်သော ဂုဏ်အခြင်းအရာများအကြောင်းကို ဖော်ထုတ်ရေးသား ရပေဦးအံ့။ သင်ကြား၍ တတ်မြောက်လွယ်ခြင်း အရာ၌ မြန်မာလူမျိုးသည် ကမ္ဘာပေါ်ရှိ မည်သည့် လူမျိုးနှင့်မဆို ယှဉ် ပြိုင်နိုင်လောက်ပေရာ "ပါးရည်နပ်ရည်" ရှိခြင်း၊ အတိုအထွာဘက်၌ ဉာဏ်သွားခြင်း စသော အရာမျိုးတွင် မူကား မြန်မာသည် ကမ္ဘာတွင် အလွန်ကျွမ်းကျင် လိမ္မာသော ဗိုလ်ကပြားကလေးများက အချို့နေရာတွင် မြန်မာဉာဏ်ကို အသုံးပြု ခြင်းအားဖြင့် အင်္ဂလိပ်များကို နိုင်ရသည်ဟု ၀န်ခံပြောဆိုသည်ကို ကြားရဖူး၏။ စင်စစ်မှာ အသေးအဖွဲနှင့် ပတ်သက်သည့် ဖြတ်ထိုးဉာဏ်ပေါ်သော အခြင်းအရာမျိုးမှာ ကမ္ဘာပေါ်တွင် မျိုး လိုက်ရိုးလိုက် ချီ၍ကြည့်သော် မြန်မာတစ်မျိုးတည်း၌သာ ရှိသည်ဟု ကျွန်ုပ် ဆိုချင်၏။ အလွန်းနည်းပါးသော အခြားလူမျိုး တစ်ယောက်တလေ၌ ၎င်းဉာဏ်မျိုး တွေ့ရ တတ်သည်မှာ မှန်သော်လည်း လူမျိုးလိုက်ခြုံ၍ အနည်းနှင့်အများ ရှိတတ်သည်မှာ မြန်မာ လူမျိုး တစ်မျိုးတည်းသာ ရှိ၏။ အခြားလူမျိုးပါးနပ်လျှင် မြန်မာ အိပ်နေသလောက် ရှိသည်ဟု ဆိုချင်၏။ ဤကား မြန်မာလူမျိုး၏ ထူးကဲသော အချက်ပေတည်း။ ဤအခြင်း အရာကို ၀န်မခံလိုသော မြန်မာလူမျိုးတစ်ယောက် ရှိခဲ့လျှင် ထိုသူ၌ ထိုအရည်အချင်းမျိုး ချို့တဲ့နေသော ကြောင့်သာ ဖြစ်ရမည်ဟု ကျွန်ုပ်ဆိုလို၏။
မြန်မာနှင့် ဒါနမှု
ထို့ပြင် ပေးကမ်းစွန့်ကြဲခြင်းနှင့် ပတ်သက်၍ ကျွန်ုပ်တို့ မြန်မာလူမျိုး၌ ထူးကဲသော အချက်ကို မကြားသေး မီက ကျွန်ုပ်တို့ ကိုယ်တိုင်တွေ့ကြုံခဲ့ရသည်မှာ စိတ်နှလုံးကို အလွန်ထိခိုက်သဖြင့် တစ်သက်လုံး မမေ့နိုင် အောင် ရှိတော့၏။ ရန်ကုန်မြို့ကို ဂျပန်လေယာဉ်ပျံများက ရှေးဦးစွာ ဗုံးများကြဲချစဉ် မြို့သူမြို့သားများသည် မီးသင်္ဘော၊ မီးရထား စသည်တို့ဖြင့် အမြို့မြို့အရွာရွာတို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြ၏။ ထိုစဉ်အခါ အရပ်ရပ် သော ဆိပ်ကမ်း၊ အရပ်ရပ်သော ဘူတာရုံ စသည်တို့မှ မြို့သူမြို့သားများသည် အမျိုးမျိုးသော စားဖွယ် သောက်ဖွယ်တို့ဖြင့် ရန်ကုန်မြို့ရှိ ဗုံးမှန်ထားသည့် ဒုက္ခိတများအား ပေးဝေလှူဒါန်းကြရာ လမ်းတစ်လျှောက် လုံး စား၍ မကုန်နိုင်၊ သောက်၍ မကုန်နိုင်အောင် ရှိနေတော့၏။ တတ်နိုင်သူများက ထောပတ်ထမင်း၊ ဒံပေါက်ထမင်း၊ ကြက်သားဟင်း၊ ဆိတ်သားဟင်း စသည်တို့ဖြင့် အထုတ်လိုက် ရက်ရောစွာ ပေးဝေကြရာ မကြွယ်ဝသူ အလှူရှင်များ ကလည်း သရေစာ၊ ဆေးလိပ်၊ ကွမ်းထုပ်၊ လက်ဖက်ထုပ် စသည်တို့ဖြင့် တတ် အားသမျှ ဝေငှပေးကမ်းကြ၏။ တစ်ခုသော ဘူတာရုံတွင် အဘိုးကြီးတစ်ယောက်နှင့် အမယ်ကြီးတစ် ယောက်သည် မိမိတို့၏ အခင်းမှ လတ်လတ်ဆတ်ဆတ် နှုတ်ယူလာခဲ့ဟန်ရှိသည့် ပဲစားဥတွဲများကို လက်နှစ် ဖက်တွင် မနိုင့်တနိုင် ဆွဲလျက် ကျွန်ုတို့ အနီးသို့ ချဉ်းကပ်ကာ… "လမ်းစားဖို့ ယူသွားစမ်းပါ မောင်ရယ်၊ သူများလို လိမ္မော်သီး မတတ်နိုင်ပေမယ့် ကျုပ် တို့ကိုယ်တိုင် စိုက်တဲ့ ပဲစားဥ ကလေးကို စားစေချင်လွန်းလို့ နှုတ်ပြီး ယူခဲ့ရတာပါ စားကြစမ်းပါမောင်ရယ်" ဟု ပြောကာ အတွဲလိုက် ထည့်ပေးလိုက်ကြလေရာ ကျွန်ုပ်မှာ အဘိုးကြီးလင်မယား၏ သဒ္ဓါကြည်ဖြူသော စိတ်စေတနာကို ဆင်ခြင်အောက်မေ့သဖြင့် မျက်ရည်များ လည် လာမိ၏။
ကျွန်ုပ်တို့၏ မီးရထားတွဲပေါ်၌ တရုတ်၊ ကုလားစသည့် အခြားလူမျိုးများလည်း ပါရှိလေရာ ကျွန်ုပ်က "ခင်ဗျား တို့ တိုင်းပြည်မှာ ဒီလို သဒ္ဓါကြည်ဖြူ ရက်ရက်ရောရော ပေးလားကမ်းလား လုပ်ကြတာကို မြင်ဖူးကြုံဖူး ရဲ့လား" ဟု မေးလိုက်သဖြင့် ၎င်းတို့က မမြင်ဖူး၊ မကြုံဖူးကြောင်းနှင့် ၀န်ခံထွက်ဆိုကြ၏။ ထိုအခါ၌ ကျွန်ုပ် သည် မြန်မာ ဖြစ်ရခြင်းတည်းဟူသော အဖြစ်ကို အလွန်တရာဝမ်းမြောက် ဂုဏ်ယူလျက် "ဟောဒါမှ ဗမာကွ" ဟု ဟစ်အော် ကြွေးကြော်လိုက်သော်လည်း ကျွန်ုပ်၏ မျက်နှာထားသည် ထိုအကြောင်းကို ဖော်ထုတ်ပြသ နေဟန် လက္ခဏာ ရှိရကား အနီးတွင်လိုက်ပါလာကြသော တရုတ်နှင့်ကုလား ခရီးသည်များက "တော်ပါပေ တယ်ဗျာ၊ ခင်ဗျားတို့ ဗမာတွေ အာကြီး စိတ်ကောင်းတယ်၊ အားကြီးကူညီတယ်" ဟု ကျွန်ုပ်အား ဖော်ထုတ် ၀န်ခံ သွားကြရ၏။ "ရွှေဗမာတို့ လုပ်လိုက်မှဖြင့် ဒီလိုချည်းပဲ" ဟု ရှုတ်ချရွတ်ဆိုလေ့ ရှိသော မြန်မာများအား ဤအချက်ကို အထပ်ထပ် နှလုံးသွင်းစေလို၏။
မြန်မာကို မြန်မာရှုတ်ချထိုက်သလော
မြန်မာလူမျိုး၌ ညံ့ဖျင်းသောအချက်များ ရှိခြင်း၊ ကောင်းမြတ်သောအချက်များ ရှိခြင်းကို အပထား၍ မြန်မာ လူမျိုး အကြောင်းကို မြန်မာအချင်းချင်းက မြိန်ရေရှက်ရေ ကဲ့ရဲ့ရှုတ်ချ ထိုက်သလောဟု စဉ်းစားဆင်ခြင် စေလိုသေး၏။ ကျွန်ုပ်တို့သည် 'အမိမြန်မာပြည်' ဟူသောစကားကို တိုင်းရေးပြည်မှုနှင့် ပတ်သက်သော နေရာတိုင်း သုံးနှုန်းကြသော စကားမျှသာ ဖြစ်ပေရာ အမိမြန်မာပြည်ကို ချစ်ခင်ခြင်း ဆိုသည်မှာ မိမိတို့၏ မြန်မာပြည်နှင့် မြန်မာလူမျိုးကို ချစ်ခင်ခြင်း မျှသာဖြစ်၏။ သို့ဖြစ်ရကား မြန်မာအမျိုးသားသည်ပင်လျှင် မြန် မာတို့၏ မိခင်ဖြစ် ချေ၏။ မြန်မာအမျိုးသားတို့၏ အကြောင်းကို ရှုတ်ချပြောဆိုခြင်းသည် အမိမြန်မာပြည် အကြောင်းကို ရှုတ်ချ ပြောဆိုရာ ရောက်၏။ အကြင်သူ တစ်ယောက်၏ မိခင်သည် အကျင့်စာရိတ္တ မကောင်းသဖြင့် လင်ငယ်နေ ငြားအံ့။ ထိုသူသည် မိခင် လင်ငယ်နေသောအဖြစ်ကို မြိန်ရေ ရှက်ရေနှင့် ထုတ်ဖော်ကြေငြာခြင်း ပြုချေမည် လော။ မိခင် မကောင်းသော အဖြစ်ကို လူသူလေးပါးတို့ ရှေ့၌ အခါအခွင့် သင့်တိုင်း ဖော်ထုတ်စွပ်စွဲခြင်း ပြုချေမည်လော။ စင်စစ်သော်ကား မိမိလူမျိုး၏ မကောင်းသောအဖြစ်၊ ညံ့ဖျင်းသိမ်ငယ်သော အဖြစ် တို့ကို ဖော်ထုတ်ရှုတ်ချသော မြန်မာအမျိုးသားသည် မိမိ၏ မွေးသမိခင် ကြောင်းကို ပရိသတ် ဗိုလ်ထု အလယ်တွင် ဖော်ထုတ်ရှုတ်ချသောသူနှင့် ခြားနားခြင်းမရှိချေ။ ဤအခြင်း အရာနှင့်နှိုင်းယှဉ်သော် "ကိုယ့်ပေါင် ကိုယ်လှန် ထောင်းခြင်း" ဟူသော ဥပမာသည် အလွန်ပျော့နေသေး၏။ မွေးသမိခင် အကြောင်းကို မြိန်ဖွယ်ရှက်ဖွယ် အားရပါးရ ရှုတ်ချကဲ့ရဲ့ခြင်းကဲ့သို့ မိုက်မဲသော အပြုအမူသည် ရှိမည်မဟုတ်ချေ။ ထို့ပြင် မြန်မာလူမျိုး၏ အကျင့်စာရိတ္တကို မြန်မာကိုယ်တိုင်က ကဲ့ရဲ့ရှုတ်ချခြင်းသည် အဘယ်မျှလောက် အကျိုးဆုတ်ယုတ်ပျက်ပြားသည်ဟု စဉ်းစားဆင်ခြင် မိကြဟန် မတူချေ။
မြန်မာကို မြန်မာက ကဲ့ရဲ့ရှုတ်ချခြင်းသည် ယခုအခါတွင် အလွန်ခေတ်စားလျက်ရှိရာ တစ်ဦးကစ၍ ပြော လိုက်လျှင် အနီးရှိ လူများက ၀ိုင်းဝန်းထောက်ခံလိုက်ကြသည်သာ များနေတော့၏။ မြန်မာကို ကဲ့ရဲ့ရှုတ်ချ ပြောဆိုသံ ဆယ်ကြိမ်ကြားသည့် အနက်တွင် တစ်ကြိမ်တလေမှ တစ်ဦးတစ်ယောက်သော သူက ခုခံချေပ ပြောဆိုခြင်းကိုမျှ မကြားဖူးချေ။ ကုလားနှင့်တရုတ်တို့ကို ကဲ့ရဲ့ရှုတ်ချသံ ဆယ်ကြိမ်ကြားရသည့်အခါ ၎င်းတို့ ဘက်မှ ခုခံပြောဆိုသူ မြန်မာ တစ်ယောက်တလေမျှ ဖြစ်စေ ပေါ်ထွက်တတ်ပေရာ မြန်မာကို မြန်မာက ရှုတ်ချ ကဲ့ရဲ့ရာတွင် ခုခံချေပလိုသူ မြန်မာတစ်ယောက်တလေမျှ ထွက်ပေါ်လာခြင်းမရှိသည်မှာ ၀မ်းနည်းဖို့ ကောင်းလှ၏။
ကာကွယ်ရန် နည်းလမ်း
သို့သော် ဤကိစ္စမှာ ၀မ်းနည်းနေရုံမျှမပြီး။ မြန်မာ၏ အကျိုးကို ထိခိုက်လျက် ရှိသောကြောင့် ခုခံကာကွယ် ရန် နည်းလမ်း ရှာကြံကြရပေမည်။ ထိခိုက်ပုံကား မြန်မာကို မြန်မာက အထင်အမြင် သေးသိမ်နေခဲ့လျှင် မြန်မာ အချင်းချင်း ဖက်စပ်လုပ်ကိုင်ကြရမည့် လုပ်ငန်ကြီးများ၊ အစုစပ် ကုမ္ပဏီအလုပ်ကြီးများ စသည်တို့ကို မြန်မာ များသည် ဘယ်သော အခါတွင် စတင်လုပ်ကိုင်နိုင်ရန် ရှိအံ့နည်း။ မည်သူမဆို အလုပ်ကြီး တစ်ခုကို လုပ်ကိုင်သည့် အခါ ငါသည် ဤအလုပ်ကို ထမြောက်အောင် စွမ်းဆောင်နိုင်သော အရည်အချင်း ရှိသည်ဟု ယုံကြည်စိတ်ချနိုင်သော စိတ်သဘောမျိုး ရှိထားဖို့ အရေးကြီးကြောင်းကို လူတိုင်းပင် နားလည်ကြရမည် ဖြစ်၏။ လူမျိုးကို မီ၍ လုပ်ကိုင်ရသော အလုပ်မျိုးတွင် ၎င်းစိတ် သဘောမျိုး ရှိဖို့ အလားတူ အရေးကြီး၏။ စင်စစ်မှာ သာလွန်၍ပင် အရေးကြီး၏။ တစ်ဦးနှင့်တစ်ဦး ယုံကြည်စိတ်ချနိုင်သော စိတ်သဘောမျိုး မဖြစ် ပေါ်နေသမျှ ကာလပတ်လုံး ကျွန်ုပ်တို့ မြန်မာလူမျိုးသည် မည်ကဲ့သို့သော အုပ်ချုပ်ရေးစနစ်မျိုးကို ရရှိသည် ဖြစ်စေ အလုပ်ကြီးအကိုင်ကြီးများ ဖြစ်မြောက်အောင် လုပ်ကိုင်နိုင်မည် မဟုတ်ချေ။ အလုပ်ကြီး အကိုင်ကြီး များကို ဖြစ်အောင် မစွမ်းဆောင်နိုင်သေးသမျှ ကာလပတ်လုံး စီးပွားရေးဘက်တွင် ချို့ငဲ့၍ လူမျိုးကွဲများ အောက်တွင် အစဉ်မမြဲနေကြရမည် ဧကန်မလွှဲပေတည်း။ ယခုအခါ ဂျပန်တို့ ရောက်လာခဲ့ကြချိန် ထိုက်တန် သော အုပ်ချုပ်ရေးမျိုး ပေးအပ်တော့မည် ဆိုရာ ကျွန်ုပ်တို့ မြန်မာလူမျိုးများအဖို့ အလုပ်ကြီး၊ အကိုင်ကြီးများ စတင် တည်ထောင်ရန် အခွင့်အလမ်းများသည် အတိုင်းမသိအောင် ပေါ်ပေါက်ပေတော့မည်။ ထိုအခါတွင် မြန်မာကို မြန်မာက အထင်အမြင်သေးခဲ့လျှင် အလုပ်လုပ်ရန်ပင် ဖြစ်နိုင်မည် မဟုတ်သောကြောင့် မိမိလူမျိုး ကို မိမိအထင်သေး အမြင်သေးသော စိတ်သဘောထားမျိုးကို ယခုမှစ၍ ပယ်ဖျောက်ရန် ကြိုးစားကြရ ပေလိမ့်မည်။ ကျွန်ုပ်တို့ ဆိုလိုရင်ကား မွေးသမိခင်၏ မကောင်းသော အချက်တစ်ခုကို သိထားသော သားသည် ထိုအချက်ကို ပယ်ဖျောက်ရန် ခဲယဉ်းမည် မှန်သော်လည်း မိမိကိုယ်တိုင် ထိုအကြောင်းကို ထုတ် ဖော်ကြေညာခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါးတို့ ပြောကြသည်ကို နှိပ်ကွပ်ဖုံးအုပ်ခြင်းစသဖြင့် အရုပ်ဆိုး သည်ထက် မဆိုးရလေ အောင် ကာကွယ်စောင့်ရှောက်နိုင်သော နည်းလမ်းဖြစ်ပေ၏။
မြန်မာတို့ ညံ့ဖျင်းသည် ဆိုသောအချက်များမှ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း တပ်အပ်သေချာ စွပ်စွဲနိုင် သည်လည်းမဟုတ်။ ၎င်းတို့ ခုနှိမ်လောက်စေရန် စင်စစ်ကောင်းမြတ်သော အချက်များသည် ဒုနှင့်ဒေး ရှိနေသေးသည် ဖြစ်ပေရာ၊ ကျွန်ုပ်တို့သည် မိခင်၏ အရှက်ကို ကာကွယ်သည့်အလား ကျွန်ုပ်တို့ လူမျိုးကို ကျွန်ုပ်တို့ ကိုယ်တိုင် ရှုတ်ချ အရှက်ခွဲရာရောက်သော စကားမျိုးကို ဆိုခြင်းမှ ရှေးဦးစွာ ရှောင်ကြဉ် အပ်ပေ၏။ ဒုတိယအချက်၌ ထိုကဲ့သို့ ရှုတ်ချ အရှက်ခွဲရာရောက်သော စကားမျိုးကို သူတစ်ပါးတို့ ဆိုသည်ကို ကြားရသော အခါ အကျိုးအကြာင်းကို နည်းသင့် လမ်းသင့် ဖော်ပြ၍ တောင်းပန်တားမြစ်အပ်ပေ၏။
ဤစာကို ဖတ်ရှုရသော မိတ်ဆွေအပေါင်းတို့သည် အထက်ဖော်ပြာပါ အခြင်းအရာများကို ကျေနပ်နှစ်ခြိုက် သဖြင့် အထက်ပါ နည်းလမ်းအတိုင်း လိုက်နာဆောင်ရွက်ပါတော့မည်ဟု သန္နိဌာန် ချထားကြပါမူ ကျွန်ုပ်တို့ ရေးသားသတိပေးရကျိုး နပ်သည်ဟု သဘောထား၍ လူမျိုးကို အညွန့်တုံးအောင် ပြုလုပ်ရာရောက်သည့် အလေ့အကျင့် ဆိုးကြီးတစ်ခုသည်လည်း ကွယ်ပျောက်ရန် အခြေခံသွားပြီ ဟူ၍ ယုံကြည်မျှော်လင့်မိပေ တော့သတည်း။

သူငယ်ချင်းတို့အတွက် မျှဝေလိုက်ပါတယ်နော်
.....ကျေးဇူးတင်ပါတယ်.....